Monday, June 25, 2012

Playframework နှင့် တိုင်ပတ်ခဲ့ရသောည

Heroku မှာ Account ဖွင့်ပြီးတာကြာပြီ။ လက်တွေ့မစမ်းဖြစ်သေးပါ။ မနေ့ကစပါသည်။ Playframework Application တစ်ခု Heroku ပေါ်တွင်တည်ဆောက်ပြီး Check Out လုပ်ခဲ့ပါသည်။ တဖန် Heroku ကို သိပ်ပြီး သုံးလေ့မရှိတဲ့အတွက် ဟိုကြည့်ဒီကြည့်လုပ်နေရင်း မနေ့က တကယ်တမ်း မရေးဖြစ်ခဲ့ပါ။

ဒီနေ့မနက် အလုပ်သွားကတည်းက စိတ်ထဲတွင် ဒီ Heroku အကြောင်းပဲ ပေါ်ပေါ်လာပါသည်။ ၁၀တန်းအောင်ပြီး ရီးစားစထားကစကလိုပင်။ ဘာလုပ်လုပ် ခေါင်းထဲဝင်ဝင်လာ၏။ အလုပ်ထဲတွင် ကွန်ပျူတာကြီး ဖွင့်ပြီး Test Case တွေရေးနေရင်းရော၊ ထမင်းဘူးဖွင့်ပြီး တူကိုင်ကာ ငိုင်တိုင်တိုင်လုပ်နေရင်းကော၊ အလုပ်ပြီး အိမ်ပြန်လို့ ရထားပေါ်တွင် ထိုင်နေရင်းပါ ဒီ Heroku ကိုပဲ စိတ်ထဲရောက်နေပါသည်။

Heroku သည် GAE၊ Cloudbees, Open shift နှင့် Cloudfoundry တို့ကဲ့သို့ Java ကို အသုံးပြုနိုင်သော Cloud Services တစ်ခုပင် ဖြစ်၏။ ဘာကြောင့် ဒီလောက် စိတ်ထဲကို ရောက်ရောက်နေတာလဲ။ Heroku ကို ဝင်ကြည့်လိုက်လျှင် သိပါလိမ့်မည်။

အရမ်းကို လွယ်ကူ၍၊ အရမ်းကို စွမ်းအားကြီးပြီး၊ အရမ်းကို လွတ်လပ်တဲ့အတွက်ဖြစ်ပါတယ်။ လွယ်သလားဆိုတော့ Mail Account တစ်ခုရှိရုံနှင့် Heroku Account ကို ဖွင့်နိုင်ပါတယ်။ Facebook ကို ဝင်တုန်းကထက်တောင် လွယ်ပါသေးတယ်။ ပြီးတော့ create application ကို နှိပ်လိုက်တာနဲ့ Heroku အပေါ်မှာ နှစ်သက်ရာ Template မှ တဆင့် အပလီကေးရှင်းကို တည်ဆောက်နိုင်သည်။

ပြီးရင် git ကနေ checkout လုပ်ပြီး ပြင်ဆင်ရေးသားရုံပင်။ ၁၀မိနစ် တောင်ကြာမည်မထင်။

ဒါနဲ့ မနေ့က Playframework အပလီတစ်ခုကို တည်ဆောက်ပြီး၊ အမျိုးမျိုး စမ်းနေကြည့်မိသည်။ ဒါပေမယ့် Eclipse မှာတော့ import မလုပ်မိသေးပါ။

ဒီနေ့ အိမ်ပြန်ရောက်တာနဲ့ ထမင်းစား၊ တူဖြစ်သူ ကောင်းကောင်းလေက Youtube ကြည့်နေတာစောင့်ပြီး၊ ကောင်းကောင်း အိပ်တာနဲ့ Eclipse ကို ဖွင့်ကာ import လုပ်ပါတော့တယ်။ အဲ့ဒီကျမှ ဒုက္ခတွေ့ပါတော့တယ်။ param eclipsify ကို မသိဘူးဖြစ်နေတယ်။ တက်လိုက်တဲ့ အဲရာတွေ။ ဘာဖြစ်တာလဲပေါ့။

နက်ထဲမှာ ဟိုရှာဒီရှာလုပ်တာလည်း အဖြေကမတွေ့။ Play ကိုလည်း စသုံးကာစမို့ ဘာဖြစ်လို့ဖြစ်မှန်း မသိ။ ဒါနဲ့ Eclipse ကမဟုတ်ပဲ cmd နဲ့ ကြိုးစားကြည့်ပါတယ်။ Heroku က ချက်အောက်လုပ်ထားတဲ့ project မဟုတ်ပဲ ပရိုဂျက်တစ်ခုကို create လုပ်ပါတယ်။

ပြီးတော့ play ကွန်ဆိုးကိုခေါ်ပြီး၊ eclipsify ဆိုပြီး စမ်းကြည့်တယ်။ အလုပ်လုပ်တာကိုတွေ့တယ်။ ကျွှန်တော် ရိပ်မိလိုက်ပါပြီ။ ကျွှန်တော် ဒေါင်းလုဒ်လုပ်နေတဲ့ Play framework က အသစ်ဖြစ်နေသည်ဟု။ ဒါနဲ့ Heroku မှ ယူထားသော Play Project ကို ကြည့်ကြည့်သောအခါ ဗားရှင်းမှာ ဟောင်းနေပါသည်။

နောက်နေ့မှ Play အသစ်နဲ့ အပလီကေးရှင်းကို Heroku ပေါ်တင်ကြည့်ပါဦးမည်။

ဒီနေ့တော့ အိပ်တော့မည်။

No comments:

Post a Comment