Tuesday, January 30, 2018

မွေးနေ့

၁ လပိုင်း ၂၈ ရက်နေ့သည် ကျွန်တော့်ရဲ့ မွေးနေ့ဖြစ်ပါသည်။ အတော်များများသည် မွေးနေ့ရောက်တိုင်း ဘုရားသွား၊ ကျောင်းတက်၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြ တစ်ခုခုကို အမှတ်တရ ပြုလုပ်လေ့ရှိကြပါသည်။

ကျွန်တော် မွေးနေ့ဆိုတာကို စပြီး သတိထားပြီး အမှတ်တရပြုလုပ်ဖြစ်ခဲ့တာကတော့ အတော်လေးကို နောက်ကျခဲ့ပါသည်။ မှတ်မှတ်ရရ တက္ကသိုလ်ဒုတိယနှစ် ရေက်မှဖြစ်သည်။

၉ တန်းကျောင်းသားဘဝအထိ မော်လမြိုင်မှာ ကြီးပြင်းခဲ့သော ကျွန်တော့်အတွက် မွေးနေ့ဆိုတာ မကြားဘူးသော အရာတစ်ခုဖြစ်ပါသည်။ သူငယ်ချင်းတွေကြားမှာလဲ မွေးနေ့မို့လို မုန့်ဝယ်ကြွေးတာ လက်ဆောင်ပေးတာ တစ်ခါမှ မရှိခဲ့သလို ကျွန်တော်လဲ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါ။ ကြားတောင် မကြားဘူးခဲ့ပါ။ ၉ တန်း ၁၀ တန်း ရန်ကုန်မှာ ကျောင်းနေခဲ့ပေမဲ့ သိပ်ပြီးရင်းနှီးတဲ့ သူငယ်ချင်းမရှိခဲ့သောကြောင့် မွေးနေ့နဲ့ အကင်းဝေးခဲ့ပါသည်။

ဒါ့ကြောင့် တက္ကသိုလ် ဒုတိယနှစ်တက်မှ မွေးနေ့နဲ့ စပြီးရင်းနှီးခဲ့ရခြင်းဖြစ်ပါသည်။ အဲ့ဒီနောက်ကြုံတွေ့ခဲ့ရတဲ့ မွေးနေ့တွေကို အမျိုးအစားခွဲကြည့်လျင် သက်တန်းအလိုက် ပုံစံမတူတာကို တွေ့ရပါသည်။ အမျိးအစားခွဲကြည့်ရင် အောက်ပါအတိုင်း ပုံစံ ၄မျိုးကို တွေ့ရပါသည်။


တက္ကသလိုလ်ကျောင်းသားဘဝမွေးနေ့

ပျော်စရာကောင်းတဲ့ မွေးနေ့ အမျိုးစားဖြစ်ပါသည်။ မှတ်မှတ်ရရ ကျွန်တော် အသက် ၁၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါသည်။ ကျောင်းတက်တော့ ကျွန်တော်တို့ တက္ကသိုလ်က တစ်တန်းမှာ လူ ၆၀ သာရှိတဲ့ အတွက် အတန်းထဲမှာ ဘယ်သူတွေက အငယ်ဆုံးလဲ ဘာညာနဲ့ သူငယ်ချင်းတွေ အချင်းချင်း မွေးနေ့တွေကို သိသွားကြသလို တစ်ယောက်ပြီး တစ်ယောက် မွေးနေ့တိုင်းမှာ မုန့်လိုက်ဝယ်ကြွေးခဲ့ကြပါသည်။ ကျွန်တော်က ဇန်နဝါရီလမွေးဆိုတော့ ဒုတိယမြောက် အငယ်ဆုံးကျောင်းသားဖြစ်ခဲ့ပါသည်။ ကျွန်တော့်အလှည့်လဲရောက်ရော အဖေ့ကို မွေးနေ့မှာ သူငယ်ချင်းတွေကို မုန့်လိုက်ဝယ်ကြွေးချင်လို့ မုန့်ဖိုးပိုပေးပါလို့ ပြောတော့၊ “လုပ်မနေပါနဲ့၊ ငါတို့က မြန်မာတွေ၊ ဘာမွေးနေ့မှ လုပ်လေ့လုပ်ထမရှိဘူး”​ လို့ပြောခဲ့တာ မှတ်မိနေပါသေးသည်။ အမေကတော့ သွားသွား ငါ့သားဆိုပြီး မုန့်ဖိုးပိုပေးခဲ့ပါသည်။

ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ မွေးနေ့ရောက်တိုင်း RC2 ထဲတို့ ကန်ဘောင်တို့ ဘုတ်ကလပ်တို့မှာ မုန့်သွားဝယ်စားဖြစ်ခဲ့ကြပါသည်။ ကိတ်မုန့်တွေမပါပေမဲ့ ပျော်စရာအရမ်းကောင်းခဲ့ပါသည်။

ဂျပန်မှာရောက်နေတုန်းကတွေ့ခဲ့ရတဲ့ မွေးနေ့

စိတ်ပျက်စရာကောင်းသော မွေးနေ့ ဖြစ်ပါသည်။ ၁၉၉၈ ခုမှာ ဂျပန်ကို စာသွားသင်မယ်ဆိုပြီး ရောက်ဖြစ်ခဲ့ပါသည်။ဘွဲ့ရပြီးတော့လဲ ၂၀၁၂ ခုနှစ် အထိအဲ့ဒီမှာပဲ​နေခဲ့ပါသည်။ ရောက်ခါစက ကျောင်းသားဆိုပေမဲ့ အချိန်ပိုင်းအလုပ်လဲ လုပ်နေသလို၊ သူငယ်ချင်း အပေါင်းအသင်းအတော်များများကလဲ အလုပ်ရှိသောသူများဖြစ်ပါသည်။

အဲ့ဒီတော့ မွေးနေ့ရောက်တိုင်း လူစုပြီး အရက်သောက်ဖြစ်ခဲ့ကြပါသည်။ မြန်မာဆိုင်တွေမှာ စုပြီးသောက်လေ့ရှိတဲ့ အတွက် ကာရာအိုကေဆိုင်မှာ သီချင်းလုရင်း မယ်မယ်ရရမရှိတဲ့ အကြောင်းတွေနဲ့ ရန်ဖြစ်ကြ၊ ရိုက်ကြနဲ့ အတော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပါသည်။ အဲ့ဒါကြောင့် မွေးနေ့ဆိုရင် တစ်ခုခုမကောင်းတာဖြစ်တယ်လို့ပဲ ထင်နေခဲ့မိပါသည်။ အတော်လေးကို စိတ်ပျက်စရာကောင်းခဲ့သော မွေးနေ့များဖြစ်ခဲ့ရပါသည်။

မိန်းမရပြီးတဲ့ နောက်တွေ့ရတဲ့ မွေးနေ့

ဒါကတော့ အမတန်းကို ကြည်နူးစရာကောင်းတဲ့ မွေးနေ့များဖြစ်ပါသည်။ နှစ်ယောက်အတူ ဘူရာသွားချင်သွား၊ ပြီးရင် ဆိုင်ကောင်းကောင်းမှာ အစားစားချင်စားခဲ့ကြပါသည်။ ဆာကူရတာဝါက အမြင့်ဆုံးအထပ်မှာ ဒင်နာသွားစားတာတို့၊ ဆိုင်ကောင်းကောင်းမှာ အသားကင်စားရင် ဝိုင်သောက်တာတို့ လုပ်ခဲ့ကြပါသည်။ ဘာရယ်တော့ဟုတ် ကြည်ကြည်နူးနူးငြိမ်းငြိမ်းချမ်းချမ်း အချိန်တစ်ခု အတူကုန်ဆုံးခဲ့ကြပါသည်။

ဒီနှစ်မွေးနေ့

ဒါပေမဲ့ ဒီနှစ်မွေးနေ့ကတော့ အတော်လေးကို ပုံစံပြောင်းခဲ့ပါသည်။ ၂၀၁၈ခု ၁ လပိုင်း ၂၈ရက် ကျွန်တော့်အသက် ၄၃နှစ်ပြည့် မွေးနေ့ဖြစ်ပါသည်။ မန္တလေး JDC ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကျွန်တော် လေ့လာတွေ့ကြုံခဲ့သော Java Develoing အတွေ့အကြုံတွေကို မန္တလေးမှာပြန်ပြီး မျှဝေနိုင်ဖို့ ခြေလှမ်းသစ်တစ်ခုကို မန္တလေးမှာ စတင်ဖြစ်ခဲ့ပါသည်။ မနက်ပိုင်းမှာ ဖုန်းကြီးဆွမ်းကပ်ဖြစ်ပါသည်။ နေ့ခင်း တစ်နာရီကနေ လာရောက်သူတွေကို ကျွန်တော်နဲ့ အတူ ရန်ကုန်က Member တွေက Java နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို မျှဝေဖြစ်ခဲ့ပါသည်။

နောက်အပတ်ကနေစပြီးမန္တလေးမှာ Java ကို စတင်သင်ကြားသွားမှာ ဖြစ်ပါသည်။

ဒီနှစ်မွေးနေ့ဟာ ကျွန်တော့်ရဲ့ မွေးနေ့တိုင်းထဲမှာ အလွန်ထူးခြားသလို ပီတိအဖြစ်ရဆုံးမွေးနေ့ ဖြစ်ပါသည်။


စကားပို


ရန်ကုန် JDC က ကျောင်းသားတစ်ယောက်က တကူးတက မန္တလေးအထိလိုက်လာပြီး သင်တန်းဖွင့်ပွဲ အထိမ်းအမှတ်နဲ့ မွေးနေ့လက်ဆောင်ကို လာပေးခဲ့ပါသည်။ တကူးတက ဖြစ်တဲ့ အတွက် အရမ်းကို အားနာမိသလို ပီတိလဲ ဖြစ်ခဲ့ရပါသည်။



No comments:

Post a Comment