Thursday, March 15, 2012

သမီးရှင်

ပရိုဂရမ်မာ တစ်ဦးဟာ သမီးရှင် ဖခင်တစ်ယောက်နဲ့ တူပါတယ်။ ကိုယ်ရေးထားတဲ့ အပလီကေးရှင်း တစ်ခုဟာ ကိုယ့်သမီးလေးတစ်ယောက်ပေါ့။ ကိုယ့် အ ပလီကေးရှင်းကို Release လုပ်တဲ့အချိန်ဟာ ကိုယ့်သမီးရဲ့ မင်္ဂလာပွဲနဲ့ တူပါတယ်။

ကိုယ်ပြုစုပျိုးထောင်ခဲ့တဲ့ သမီးလေးဟာ အခုတော့ သူ့လမ်းကို သူသွားပါတော့မယ်။ အိမ်ထောင်ကျ သွားပြီးတဲ့အခါ၊ ဆိုင်သာဆိုင်တယ် မပိုင်တော့ပါဘူး။ တန်ဖိုးမထားတတ်တဲ့ အသုံးပြုသူတွေနဲ့ တွေ့တဲ့အခါ သူဟာ လင်ဆိုးတစ်ယောက်နဲ့ အိမ်ထောင်ကျဖြစ်တဲ့ ကံမကောင်းတဲ့ သမီးလေးဖြစ်သွားပါမယ်။ ဒဏ်ရာတွေ ဗလပွနဲ့ သမီးလေးကိုတွေ့လည်း ကျွှန်တော့်မှာ ဘာမှာမတက်နိုင်တော့ပါ။

ဘာလို့သူက ဒီလိုသုံးရတာလည်း။ အဲ့ဒီလိုပြင်လို့မရဘူးလေ။ အဲ အဲ့ဒီနေရာမှာ အဲ့လိုသွားပြင်ရင်တော့။ အစရှိသည့် ယူကြုံမရမှု့တွေက စကားလုံးတွေကို ဆွံ့အစေခဲ့ပါတယ်။ ဘာပဲပြောပြော ကိုယ့်ရေးသားခဲ့တဲ့ ကိုယ့်သားသမီးတွေကို ချစ်ခင်ကြင်နာစွာနဲ့ အသုံးပြုစေချင်သည်မှာ မိဘတိုင်းရဲ့ ဆန္ဒပဲဖြစ်ပါလိမ့်မယ်ဟု ကိုယ်ခြင်းစာခဲ့မိပါတယ်။

ဒီနေ့ ကံဆိုးတဲ့ ကျွှန်တော့် သမီးငယ် တစ်ဦးနဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ သူ့မှာ ဒဏ်ရာတွေ နဲ့။ ကျွှန်တော့်မှာ စိတ်မကောင်းရုံကလွဲပြီး ဘာမှ မတက်နိုင်ခဲ့ပါ။   ချစ်သမီးလေး စိတ်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးရုံမှလွဲပြီး မတတ်နိုင်ခဲ့ပါ။

အတွေးတစ်ခု

အခုတလော ကျွှန်တော် အလုပ်တော်တော် များနေပါသည်။ မနက်ခင်း ၈နာရီခွဲလောက် အိမ်ကထွက်သွားရင် ည ၁၂နာရီခွဲမှ အိမ်ကို ပြန်ရောက်တက်ပါသည်။ ဒီအတွက် ကျွှန်တော်ရေးလက်စ ဖြစ်သော မြန်မာ ဂျာဗားယူဇာ ဘလောဂ်ကို သိပ်မရေးဖြစ်ပါ။ Easy JSP အကြောင်းကို ဆက်ရေးရပါဦးမည်။ Java 7 Nio 2 ကိုလည်း လက်စသပ်ရဦးမည်။ ဒါမှ Fork And Join Framework နဲ့ Project Lambda ဘက်ကို ရွှေ့နိုင်မည်ဖြစ်၏။ အခြေခံ Java အကြောင်းရေးနေသည်ကိုလည်း Class နဲ့ Method အကြောင်း၊ Interface အကြောင်းနဲ့ Exceptionအကြောင်းကို ရေးပြီး ဖြတ်ချင်ပါသေးသည်။ ဒါမှ Essential Java API ကို ဆက်ရေးနိုင်မည် ဖြစ်သည်။

Happy Hacking ကတော့ ကျွှန်တော်ပျင်းတဲ့အခါ ရေးရန် ထားထားပါမည်။ XML ဆီသို့ ခြေလှမ်းများ ကိုလည်း အခန်းသုံးပြီးတော့ ဆက်ပြီး XML Schema ကစပြီး XML DB ကို ဖော်ပြချင်သေးသည်။ အလုပ်ရှုပ်ပါသည် ဆိုမှ ဟိုရက်က ပရိုဂျက်တစ်ခုကို လက်ခံမိပါသည်။ ကိုယ့်စိတ်ကြိုက်လည်း ရေးလို့ရတယ်၊ ပြီးတော့ ပိုက်ဆံလည်းရတော့ မဆိုးပါ။

ကျွှန်တော်ရေးနေသော Web Tool လေးတွေက ဟားရပါသည်။ ဘလောဂ်ဂါ တွေအတွက် အစဉ်ပြေမယ့် Tool များကို ရေးပေးနေခြင်းဖြစ်၏။ Tool ကို Run ထားပါက၊ အင်တာနက်ထဲကနေ သက်မှတ်ထားတဲ့ Key Word နဲ့ သတင်းတွေကို စောင့်ကြည့်နေပြီး၊ ကိုယ့်ဘလောဂ်မှာ ပြန်တင်ပေးတဲ့ Tool ပါ။ အဲ့ဒီလိုတင်တဲ့ နေရာမှာလည်း ကြော်ညာလင့်ခ်တွေကိုပါ ယူပြီးတင်ပေးပါတယ်။ ပြီးတော့ အဲ့ဒီ Key Word ကို စိတ်ဝင်စားတဲ့ ဘလောဂ်ဂါတွေရဲ့ ဘလောဂ်ကို ခြေရာလိုက်ပေးပါတယ်။ ဘလောဂ်ဂါတွေက ကိုယ့်ခြေရာကိုကြည့်ပြီး ကိုယ့်ဘလောဂ်ကိုလာကြည့်၊ ပြီးကြော်ငြာလင့်ခ်ကို ကလစ်နှိပ်ရင် ပွိုင့်ရတဲ့ စနစ်ပါ။

ကျွှန်တော်က ဂျာဗားကြိုက်တော့ အားလုံးကို ဂျာဗားနဲ့ ရေးပါတယ်။ အပြင်းလည်းပြေတယ်၊ မုတ်ဖိုးလည်းရတယ် ဆိုတဲ့သဘောပါ။ ဟိုတနေ့က ကျွှန်တော့်အသိတစ်ယောက်က ကျွှန်တော့်ဘလောဂ်ကို ဖတ်ပြီး အကြံပေးတယ်။ မင်းဟာက နောက်နည်းနည်းလောက် ဖြည့်လိုက်ရင် အခြေခံ ဂျာဗားစာအုပ် တစ်အုပ်ဖြစ်တော့မယ် ဆိုပဲ။ ဟုတ်သည်။ အခြေခံကိုပြီးအောင်ရေးပြီး၊ Essential Java API ကို ရေးပြီးပါက Java စာအုပ်တစ်အုပ်ဖြစ်လာမည် ဖြစ်သည်။ ကျွှန်တော် စာအုပ်ထုတ်ချင်လာပါသည်။ ဒီတော့ စာအုပ်တစ်အုပ် ဖြစ်အောင် ရေးပါမည်။ ပြီးလျှင် Tool ရေးတဲ့ ပိုက်ဆံနဲ့ ကိုယ့်ဟာကိုယ်ထုတ်ပါမည်။ ပြီးလျှင် အခမဲ့ ဖြန့်ဝေသွားပါမည်ဟု။

Sunday, March 4, 2012

တန်ဖိုးဆိုသည်မှာ

ပြီးခဲ့သောရက်က အားလပ်ရက်တွင် ကျွှန်တော်ရေးခဲ့သော Web Tool တစ်ခု၏ လက်ခကို ရရှိခဲ့ပါသည်။ တန်ဖိုးသည် မြန်မာငွေဖြင့်ဆိုလျှင် ၁၂သိန်းခန့်။

ကျွှန်တော့်ညီမဖြစ်သူအား မွေးနေ့လက်ဆောင်အဖြစ် ပေးမည်ဟု ပြောထားသောကြောင့် သူနှစ်သက်ရာ လက်ကိုင်အိပ်တစ်လုံး သွားဝယ်ပေးလိုက်သည်။ အနည်းငယ် စိုက်လိုက်ရပါသည်။

ညီမဖြစ်သူ သုံးနေသော လက်တော့ကွန်ပျူတာပေါ် တူဖြစ်သူက အအေးလောင်းချ၍ သုံးမရတော့ပါ။ ပြန်ဝယ်ရန် သွားကြည့်သည်။ mac book pro ၁၃သိန်းခွဲခန့်။

တစ်လက်စတည်း လိုချင်သော နာရီကို သွားကြည့်မိသည်။ အိုမီဂါ ၂၆သိန်းခွဲ။ ငါရေးတဲ့ အပလီတစ်ခုနဲ့ နာရီတစ်လုံးတောင် မဝယ်နိုင်သေးပါလားလို့တွေး ရမလား။ အပလီကေးရှင်း ၃ခုလောက်ရေးရင် နာရီ တစ်လုံးဝယ်လို့ရတယ် ဆိုပြီး ဝမ်းသာရမလား။