Wednesday, November 30, 2011

ဆောင်းတွင်းကိုရောက်ပြီ

ဒီနေ့အလွန်ချမ်းပါသည်။ မနေ့က ဟိုတလောတုန်းက ဒေါင်းသွားတဲ့ ဆာဗာအတွက် ပစ္စည်းများကိုစုရင်း လိုအပ်မယ့် ဒရိုင်ဗာများကို အင်တာနက်ထဲတွင် ရှာနေခဲ့မိသည်။ ဟိုတစ်ခေါက်ပျက်သွားသည်မှာ ရိုးရိုးမဟုတ်။ ဟဒ်ဒစ်ကြွရုံတင်မက မံမိုရီပါအကန့်တွေ ပျက်ကုန်ခြင်းဖြစ်သည်။ ပြီးခဲ့တက်အပါတ်က ဝယ်လာတဲ့ မံမိုရီ ၁ဂစ်လေးချောင်းကလည်း အလုပ်မဖြစ်။ Non ECC မံမိုရီတွေဖြစ်နေသည်။ Dell Poweredge T105 သည် ECC မံမိုရီမဟုတ်ရင် အလုပ်မလုပ်ဘူးတဲ့။

Bios မှာ မံမိုရီကို ဖော်ပြနိုင်တဲ့အတွက် မံမိုရီမှားတယ်လို့မထင်ခဲ့ဘူး။ ၃ရက်လောက်အုံးစားသွားတယ်။ ဒါနဲ့ ဟိုတလောက ရမ်းပြီး ECC မံမိုရီ 2G တစ်ချောင်းကို အင်တာနက်ကမှာ မနေ့ကရပြီး စမ်းကြည့်တော့ အလုပ်စလုပ်ပါသည်။ ဒါပေမယ့် OS ကို တော့မဖတ်သေးပါ။ ဟဒ်ဒစ်ပါလည်းထားတော့ ဒရိုင်ဘာတွေပါ ပျောက်သွားပုံရ၏။ ဆာဗာဝယ်ထားတုန်းက ပါတဲ့ စီဒီတွေလည်း ပျောက်ကုန်ပြီ ဖြစ်သောကြောင့် ဒီအပါတ် ပိတ်ရက်ရတော့မှပဲ နက်ထဲကရှာပါတော့မည်။

ဟိုတလောတုန်းက မြန်မာအိုင်တီဆိုဒ်တစ်ခုမှာ ဟက်ကင်းခေါင်းစဉ်တွေ့လို့  ဝင်ဖတ်မိပါသည်။ တကယ်ဟုတ်မဟုတ်တော့မသိ စကားလုံးတွေက ကြောက်ဖို့အလွန်ကောင်းပါသည်။ ဟတ်ပစ်လိုက်မယ် ဆိုတာကြီးပဲ။ ပါးစပ်တွေ ညောင်းမှာ စိုးရိမ်မိပါသည်။ ဟက်ကင်းနဲ့ ကရက်ကင်းကို ရှင်းပုံမရ။ လေလုံးတွေ ထွားနေပါတော့သည်။  သြော်ဒီလိုကောင်တွေကြောင့် လှပတဲ့ဟက်ကင်းတွေဟာ နာမည်ပျက်ရတာပဲဟု တွေးမိရင်း။

သြဒီဇင်ဘာလ ရောက်ပြီပဲ။ ဒါကြောင့် အလွန်ချမ်းခြင်းဖြစ်မည်။

Saturday, November 19, 2011

A Rainy Day

ဒီနေ့တနေကုန် မိုးတွေရွာနေပါသည်။ တကယ်ဆိုရင် ဒီနေ့ ကျွှန်တော်မှာ အလုပ်ကနားပေးမယ့် လုပ်စရာတွေရှိပါသည်။ ဟိုတလောတုန်းက မီးပျက်ပြီး အိမ်ကဆာဗာ ဒေါင်းသွားပါသည်။ ဒေါင်းရုံတင်မက Hard Disk ၏ မောင်းလည်းကျိုးသွားပုံရ၏။ အဲ့ဒီ Hard Desk ထဲက အချက်အလက်တွေကို ပြန်လိုချင်ပါသည်။ ကျွှန်တော် နှစ်ပေါင်းများစွာ အချိန်အကုန်ခံပြီး ရေးထားခဲ့သော အရာများဖြစ်သောကြောင့် ဖြစ်၏။ အဲ့အီအတွက် ဒီကနေ့ အကီဟာဘရကို သွားပြီး လိုအပ်တာတွေကို ဝယ်ရင်း၊ Hard Disk ကို ဘယ်လိုပြင်ရမလည်းဆိုတာကို ရှာဖွေရပါမည်။ သို့ရာတွင် ဒီကနေ့ တနေ့လုံးမိုးတွေရွာနေပါသည်။ မိုးရွာသည်ထက် လေတွေပါပြင်းနေ၏။ အပျင်းထူသော ကျွှန်တော်သည် မိုးအေးအေးနှင့် ကွေးပါသည်။

ဂွမ်းကပ်ဆောင်ကို ခေါင်းမူးခြုံအိပ်ပြီး နေ့ခင်း ၁၂နာရီအထိကွေးပါသည်။ တူလေး ကောင်းကောင်းက ကျွှန်တော့်အား လာပြီးနှိုးပါသော်လည်း မသိချင်ရောင်ဆောင်ပြီး ဆက်အိပ်ပါသည်။ ၁၂နာရီထိုးတော့မရပါ။ ဗိုက်ဆာလာပါသဖြင့် ထပြီး ညီမဖြစ်သူအား ဘာစားစရာရှိလည်းဟုမေးပါသည်။

ပေါင်မုက်ကင်တွေတော့ရှိတယ်။ မနက်က မနိုးတာနဲ့ ထားထားတာတဲ့။ ကျွှန်တော်လည်း ကော်ဖီကြမ်းနှင့် ပေါင်မုက်ကင်စားပြီး၊ အင်တာနက်ကိုဖွင့်ကာ ဒီနေ့ရဲ့ မိုးလေဝသသတင်းကို ကြည့်ပါသည်။ အား၊ တနေ့ကုန် မိုးရွာမှာပဲ။ အာကီဟဘရကိုလည်းသွားရဦးမည်။ မိုးရယ်တိတ်ပါတော့ဟု တွေးရင်း၊ လုပ်စရာရှိသည်များကို စဉ်းစားနေခဲ့ပါသည်။ လတ်တလော ကျွှန်တော်ရေးနေသော Desktop Application မှာမပြီးသေးပါ။

ဟိုတလောတုန်းက ယူဆာကို ပြပြီး ပြင်စရာရှိသည်များကို ပြင်ထားတာရှိသည်။ ထို့အရင် အရင်ရေထားသော Application တစ်ခုကိုလည်း ပြင်ဆင်ပေးရန် တောင်းဆိုထားသည်ကရှိပါသည်။ အဲ့ဒီပရိုဂျက်တွေအားလုံး ကျွှန်တော့် စက်ထဲမှာရှိပါသည်။ အားလုံးပါသွားပြီဖြစ်သည်။ Client တွေဆီကို ပို့ထားသော မေးလ်များ၊ Dripbox များထဲမှ ပြန်ရှာကြည့်ရပါမည်။ အတော်များများ ပြန်ရပါသည်။ ဒါပေမယ့် နောက်ဆုံး လတ်တလော ကျွှန်တော်ပြင်ထားသော အကြောင်းအရာများမှာမပါရှိပါ။

ဘာပဲပြောပြော အလုပ်ရှုပ်ပေမယ့် ပြန်လုပ်ရင် ရရှိနိုင်ပါသည်။ ဒီလိုနဲ့ အရေးအကြီးဆုံး ပရိုဂျက်တစ်ခုကို လိုကယ် ပတ်ဝင်းကျင်မှာ ပြန်ပြီး တည်ဆောက်ပါသည်။ လိုအပ်သော လိုင်ဘရီများကို ပြန်ဖြည့်စွက်ပြီးတဲ့ အချိန်မှာ အလုပ်လုပ်ပါသည်။ အိုကေဖြစ်တယ်ပေါ့ဆိုပြီး ပြီးခဲ့သော် အပတ်က ရေးသားခဲ့သည်များကို ပြန်စဉ်းစားရင်း ပြန်လည်ရေးသားခဲ့ပါသည်။ ညနေလေးနာရီအရောက်မှာ ပြန်အလုပ်လုပ်နိုင်ပါသည်။ ဒီအခြေအနေရောက်ပြီဆိုလျှင် ကျွှန်တော့်မှာ ကျန်သော ပရိုဂျက်များကိုလည်း ပြန်လည်ရေးသားနိုင်မည်ဟု ယုံကြည်ခဲ့ပါသည်။

ကျွှန်တော်လည်း စိတ်ပေါ့သွားပြီး ကောင်းကောင်းလေးနဲ့ ကစားပါသည်။ ကောင်းကောင်းလေးကို သင်ရသည်မှာ ပျော်စရာကောင်းပါသည်။ ကလေးများသည် လူကြီးများကို အတုယူနေသည်မှာ မှန်ပါသည်။ ကျွှန်တော်သည် ကောင်းကောင်းလေးအား တစ်ခုခုကို တာဝန်ပေးပြီး ဖြစ်မြောက်အောင် ထမ်းဆောင်နိုင်သည့်အခါ လက်ခုပ်တီးအားပေးသည့် နည်းလမ်းကို အသုံးပြုပါသည်။ ကောင်းကောင်းလေးလည်း တစ်ခုပြီးတစ်ခု လုပ်ပြနိုင်ခဲ့ပါသည်။ ကလေးများ၏ စွမ်းရည်သည် အံ့မခန်းလောက်အောင်ပင်။ တစ်ခုပြီးတစ်ခု သူလုပ်ပြနိုင်ခဲ့၏။

ညနေ၆နာရီထိုးသောအခါ ကျွှန်တော်လည်း ပျင်းလာပြီး အာကီဟာဘရကို သွားမည်ဟု စဉ်းစားပြီး ရေမိုးချိုးပါသည်။ ပြီးပြန်သော်လည်း မိုးက မတိတ်သေးပါ။ ဒါနဲ့ အဝတ်အစားလည်းပြီး တီဗီကြည့်နေခဲ့ပါသည်။ ည၈နာရီထိုးသောအခါ နီနီရေ၊ ဒီနေ့မိုးအေးတာနဲ့ အသားကင်စားချင်တယ်။ ငါအပြင်သွားပြီး သွားဝယ်လိုက်ဦးမယ်ဆိုပြီး အပြင်ထွက်လာခဲ့ပါသည်။

အပြင်ရောက်သော် မိုးလည်းပါးနေပါသဖြင့် စုဂါမိုအထိလမ်းလျှောက်ရန် စဉ်းစားပြီး လမ်းလျှောက်ခဲ့ပါသည်။ စုဂါမို ဘူတာမှ တဖန် ဘယ်ဘက်ကို ကွေ့ပြီး ကိုမဂိုမဲဘက်ကို ဆက်လျှောက်ခဲ့ပါသည်။

ထာဝရ ဟု ဆိုင်းဘုတ်ကို သွားတွေ့ပါသည်။ မြန်မာဆိုင်အသစ်ဖွင့်ထားခြင်းဖြစ်သည်။ ကျွှန်တော်လည်းဝင်ပြီး ဂျပန်ဆာကေကို မှာပြီးသောက်ရင်း မြန်မာစကားတွေပြောရင်း အချိန်ကုန်နေခဲ့ပါသည်။ လင်မယားနှစ်ယောက် ဖုကုရှီးမားကို ကျောင်းနဲ့လာရင်း အခုတော့ တိုကျိုတက်ပြီး ဆိုင်ဖွင့်သည် ဟုဆိုသည်။

ကျွှန်တော်လည်းစကားတွေကောင်းရင်း ကွန်ပျူတာကိုစိတ်ဝင်စားသည် ဟုဆိုသော ရောက်ခါစ မြန်မာကျောင်းသား လေးများနဲ့စာကားတွေ အများကြီး ပြောဖြစ်ခဲ့ပါသည်။ ၁၂နာရီထိုးသောအခါ အိမ်ကို လမ်းဆက်လျှောက်ခဲ့ပါသည်။ ငါအသားဝယ်ရန်ထွက်လာပါသဖြင့် အသားဝယ်ပြန်မှဟုတွေးရင်း အသားဆိုင်ဘက်ကို လမ်းဆက်လျှောက်ခဲ့ပါသည်။

ဆိုင်အရောက်မှာ ၄၀၀ဂရမ် ဝယ်ပြီး အိမ်ပြန်ခဲ့ပါသည်။   အိမ်ပြန်ရောက်သော အခါ ညီမလေးနီနီရော၊ တူလေးကောင်းကောင်းရော၊ ယောက်ဖဖြစ်သူ စည်သူပါ ဖလက်ပြနေပြီဖြစ်သည်။

ဒီနေ့မိုးအလွန်ပြင်းပါသည်။

Wednesday, November 16, 2011

More than blue screen

ဂျပန်မှာ မီးသိပ်မပျက်တတ်ပါ။ ဟိုတလော ငလျှင်လှုပ်တုန်းက အစီအစဉ်အလိုက် မီးကို လျှော့သုံးရန်အတွက် မီးဖြတ်ထားတာက လွဲ၍ဖြစ်ပါသည်။ မီးပျက်လေ့ မရှိသောကြောင့် ဖြစ်မည်။ မီးပျက်၍ ပျက်စီးတတ်သောအရာများကို မေ့လျှော့နေခဲ့၏။


ဆောင်းရာသီရောက်လာဖြစ်ဖြစ်သည်။ လျှပ်စစ်မီးများကို အလွန်အကျွံသုံးစွဲလေ့ရှိသော ရာသီဥတုဖြစ်သည်။ ဟင်းအပူပေးရန်အတွက် အပူပေးစက်များကို သုံးပါမည်။ တောက်လျှောက် အိမ်အခန်းအတွက် ဟီတာကို ဖွင့်ထားလေ့ရှိပါသည်။ တဖန် ရေချိုးပြီးသောအခါ စံပင်ခြောက်စက်ကို သုံးပါမည်။ အိမ်မှာ ဆာဗာကလည်း ၂၄နာရီဖွင့်ထားပါမည်။ သွားတိုက်ဆိုင်ရင် ဘရိတ်ကာကျလေ့ရှိ၏။ အလွန်အကျွံသုံး၍ ဘရိတ်ကာ ကျသည်မှာ ဘရိတ်ကာ၏ အပစ်မဟုတ်ပါ။ ဘရိတ်ကာက သူ့အလုပ်ကို သူလုပ်ခြင်းသာဖြစ်၏။ ဒီလို ရာသီရောက်လျှင် ဒီလို သုံးတတ်မှန်း ကြိုတင်သိထား နိုင်ပါသည်။ ဖြစ်တတ်မှန်း သိပါလျှက် မပြင်ဆင် ထားသည်က အပစ်ဖြစ်ပါသည်။

အခုတလော  အလွန် အလုပ်ရှုပ် နေပါသည်။ မနက် ၈နာရီကတည်းက အိမ်ကထွက် လိုက်တာ အိမ်ပြန်ရောက်တော့ ၁၂နာရီကျော်ပြီဖြစ်သည်။ လုပ်နေသောပရိုဂျက်မှာ  စီးပွားရေး အခက်အခဲများကြောင့် အချိန်တိုတိုအတွင်းမှာ လူနည်းနည်းနဲ့ ပြီးအောင်လုပ်ဖို့ ဖြစ်လာပါသည်။ မတက်နိုင်ပါ။

ဒီကနေ့ တိုကျိုဘူတာအရောက်မှာ အမှတ်မထင် ကျွှန်တော့်အားပစ်သွားသော ကောင်မလေးကို တွေ့ပါသည်။၂နှစ်ခန့်ရှိပြီဖြစ်မည်ထင်သည်။ ဘာဆက်လုပ်ရမှန်းမသိ။ ကြိုတင်မတွေးထားသော အရာဖြစ်သောကြောင့် အဖြေမရှိပါ။ Java လိုဆိုလျှင် RuntimeException ဖြစ်ပါသည်။ ငါသူ့ကို နှုတ်ဆက်လိုက်ရင်ကောင်းမလား၊ မဟုတ်သေးပါဘူး ၂နှစ်လောက်မတွေ့တာကြာပြီဆိုတော့ ရီးစားအသစ်တွေရပြီး အနှောင့်အရှက်ဖြစ်နေမလား။ သူ့ကို ကြည့်ရတာ မျက်နှာလည်းမကောင်းပါလား။ လား...... လားတွေများရင်း ကျွှန်တော့်သေးငယ်သော Single Task CPU မှာ အသုံးပြုနှုန်း ၁၀၀ရာနှုန်း နီးပါးကို ရောက်ရှိပြီး ရပ်တန့်နေပါသည်။ ဂီ.....ဂီ.....ဂူ.....ဂူ.....

အတန်ကြာမှ ဘာပြောပြော ငါသူ့ကို အရိုးအတိုင်း နှုတ်ဆက်သင့်တယ်လို့ အဖြေထွက်ပါသည်။ အဖြေရ၍ သတိပြုမိသောအခါ ကောင်မလေးကို ရှာမတွေ့တော့ပါ။ ငါနှုတ်ဆက်လိုက်ရင်ကောင်းသား လို့တွေးရင်း ပြူတင်းပေါက်နားမှာ မှီရပ်ရင်း ဖတ်လက်စ ဂျာနယ်ကို ဆက်ဖတ်နေခဲ့ပါသည်။

၁၂နာရီ အလွန် လောက်မှာ ကိုမဂိုမဲဘူတာကို ရောက်ပါသည်။ လမ်းမှာ လော်စွန်စတိုးကိုဝင်ပြီး ကုန်နေပြီဖြစ်သော ဂျပန်ဆာကေဗူးကို ဝယ်ပါသည်။ အမြည်းအဖြစ် ကြက်ကင်တစ်ချောင်းကို ဝယ်ပြီး အပြေးပြန်ခဲ့ပါသည်။ အိမ်ပြန်ရောက်သောအခါ ကျွှန်တော့်ညီမဖြစ်သူ နီနီက ကလားဟင်းချက်ထားတယ် စားဦးမလားဟုမေးသည်။ အရမ်းနောက်ကျနေပြီ ဖြစ်ပါသဖြင့် ဒီနေ့တော့ မစားတော့ဘူးဟု ပြောပြီး အဝတ်အစားလည်းပြီး ကွန်ပျူတာကိုဖွင့် Eclipse ကို ဖွင့်ပါသည်။

Workspace ကတက်မလာပါ။ မီးပျက်သွားသေးလားဟု ညီမဖြစ်သူကိုမေးပါသည်။ ဟုတ်တယ် ဟင်းအပူပေးတုန်းက ဘရိတ်ကာကျသွားသေးတယ် ဟုပြော၏။ ကျွှန်တော်လည်း Network Drive ကို ဖွင့်ပြီး Login လုပ်ရန်ကြည့်ပါသည်။ တက်မလာပါ။ သြော် ဆာဗာတက်မလာပါလားဟုတွေးရင်း SSH ဖြင့်  Remote Login လုပ်ရန်ကြိုးစားကြည့်ပါသည်။ ဆာဗာကို ရှာမတွေ့ပါဟု ထွက်လာပါသည်။ မော်နီတာကို ပြောင်းပြီး ဆာဗာကို တိုက်ရိုက်ဖွင့်ကြည့်ပါသည်။ OS ကိုရှာမတွေ့ပါဟု စာတမ်းတစ်ခု ဖန်သားပြင် ပြာပြာပေါ်မှာ ပေါ်လာပါသည်။ သွားပြီ။ အိမ်မက်ဆိုးတွေ တကယ်ဖြစ်လာပြီဖြစ်သည်။

ဆာကေကိုဖွင့်သောက်သည်။ ကျက်ကင်ကို တဘရိတ်တည်းစားပစ်သည်။ အကြံထွက်မလာပါ။ ငါ့အမှားဖြစ်ပါသည်။ ပျက်တတ်မှန်းသိရက်သားနှင့် ပြင်ဆင်ထားခြင်းမရှိသောကြောင့်ဖြစ်သည်။ တတ်နိုင်သလောက်ကြိုးစားပြီး အချက်အလက်တွေကို ပြန်ရအောင်ရှာပါမည်။