Monday, September 10, 2012

ရေကြည်တစ်ပေါက်

ဘာပဲပြောပြော ကျွှန်တော် မြန်မာဂျာဗားယူဇာကို ရေးသားလာခဲ့သည်မှာ ၂နှစ်ကျော်ရှိခဲ့ပြီ ဖြစ်၏။ စာဖတ်သူများလည်း အထိုက်အလျှောက် ရှိလာပြီဖြစ်၏။ ဟိုတလောက အားလုံးပေါင်း ၇၀၀၀ကျော်ခဲ့ပြီဖြစ်၏။

အခုတလော စာသိပ်ပြီး မရေးဖြစ်ပါ။ အလုပ်များနေသည်က တစ်ကြောင်း၊ စိတ်မပါသည်က တစ်ကြောင်း အကြောင်းကြောင်း ကြောင့်ဖြစ်သည်။ နည်းပညာ အကြောင်းနှင့် ပတ်သက်လာလျှင် ကျွှန်တော်သည် တကယ့်ကို စေတနာထားပါသည်။ တော်တော်လေးကို အသေးစိတ် အထိလေ့လာ၊ ကိုယ်တိုင်လည်း နားလည်အောင် စမ်းသပ်၍ ရေးသားခဲ့ပါသည်။

ဟိုတလောက မြန်မာပြည်နှင့်ပတ်သက်သော ဂျပန်အိုင်တီ အကြောင်းကို အခန်းဆက်ဘာသာပြန် ရေးသားခဲ့၏။ အဲ့ဒီအကြောင်းများအား လူဖတ်များပါသည်။ ကျွှန်တော်ဘာဆက်ရေးရမှန်းမသိ။ သူတို့တွေ မဖတ်ချင်တာတွေကို ငါလျှောက်ရေးမိနေလားလို့။ ဒါနဲ့ အခုတလော ဘလောဂ် သိပ်မရေးဖြစ်ပါ။ ကွန်ပျူတာရှေ့ထိုင်တိုင်း Facebook လေးကြည့်လိုက် သတင်းလေးဖတ်လိုက်နဲ့ အချိန်ကုန်နေခဲ့ပါသည်။

ဟိုတလောက ကိုယ့်ဘလောဂ်ကို ပြန်ကြည့်မိပါသည်။ အခုတလော Update မလုပ်ဖြစ်တာကြာပြီ ဖြစ်သည့်တိုင် နေ့စဉ် စာဖတ်သူများကို တွေ့ရပါသည်။ ထို့အပြင် ကျွှန်တော် ယခင်က ရေးသားခဲ့သော အခြေခံများကို ဖတ်လာသည်ကို တွေ့ရ၏။ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း၊ ကိုယ်ရေးထားတာကို ဖတ်တဲ့သူရှိပြီ၊ အဲ့ဒီအသိက ကျွှန်တော့်ကို နည်းပညာနဲ့ပတ်သက်တဲ့ စာတွေကို ပြန်ရေးရန် တွန်းအားပေးလာပါသည်။

လောလောဆယ်တော့ ရေးလက်စတွေကို ပြန်ဖတ်ပြီး အကြောင်းအရာတွေကို ပြန်လည်စီစဉ်ပါဦးမည်။ စာဖတ်သူများသည် စာရေးသူများအတွက်  ရေကြည်တစ်ပေါက်ပင် ဖြစ်ပေသည်။