Friday, June 15, 2018

ဖန်တီးမှုနှင့် အိုင်ဒီယာ


Innovation ဆိုတာကို တီထွင်ဖန်တီးမှု့လို့ ပြောနိုင်မယ်ထင်တယ်။ တီထွင်ဖန်တီးမှု့ဆိုတာ Idea လို့ခေါ်တဲ့ အကြံဉာဏ်ကနေ အခြေခံပါတယ်။ အိုင်ဒီယာမရှိပဲ တီထွင်ဖန်တီးမှု့ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ လုံးဝမရှိသေးတဲ့ အရာတစ်ခုကို ဖန်တီးနိုင်မှ Innovation ဆိုတာ ဖြစ်လာတာ မဟုတ်ပါဘူး။

လက်ရှိပတ်ဝန်းကျင်မှာ မရှိသေးတာတစ်ခုကို အဲ့ဒီနေရာမှာ အသက်ရှင်နေတဲ့ သူတွေအားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်တာဟာ Innovation ဖြစ်ပါလိမ့်မယ်။ ဆိုကြပါစို့ မြိုပြနဲ့ ဝေးပြီး မီးလဲမရတဲ့ ကျေးလက်တောရွာလေးတစ်ခုမှာ အေးစက်နေတဲ့ စည်ဘီယာဆိုင်တစ်ဆိုင်ရှိမယ်။ အဲ့ဒီမှာ ဘောလုံးပွဲတွေကို Live ပြနေပြီး စည်ဘီယာခွက်လေးက ရေးခဲစက်လေးတွေ သီးနေအောင် အေးနေမယ်။ အဲ့ဒီလို ဆိုင်မျိုးသွားဖွင့်နိုင်တယ်ဆိုရင် အဲ့ဒီရွာက လူတွေအတွက် အင်တာနက်လဲ ကောင်းတယ်ဟ၊ ဘောလုံးပွဲတွေကိုလဲ Live ကြည့်ရပြီး ဘီယာအေးအေးလေးလဲ သောက်နိုင်တယ်။ အံ့မခန်းပါပဲ ဆိုပြီး ဖြစ်မှာပါ။

အဲ့ဒီနေရာမှာ အလုပ်လုပ်သွားတာက အိုင်ဒီယာ ပါပဲ။ အိုင်ဒီယာဆိုတာက ဘယ်နေရာမှာ ဘာလိုအပ်နေတယ်။ ပြီးတော့ အဲ့ဒါကို ဘယ်လိုလုပ်ပြီး ရအောင်လုပ်မယ် ဆိုတာပါပဲ။ လိုအပ်ချက်တစ်ခုကို ဖြည့်စည်းပေးနိုင်တာ၊ ဒါမှမဟုတ် ပြဿနာ တစ်ခုကို ဖြေရှင်းပေးနိုင်တဲ့အရာ အဲ့ဒါဟာ အိုင်ဒီယာပဲဖြစ်ပါတယ်။ 

အဲ့ဒီ အိုင်ဒီယာဟာ အလိုလို ဖြစ်လာတဲ့ အရာလား။ သိခြင်းမရှိပဲ အိုင်ဒီယာဟာ မဖြစ်လာနိုင်ပါဘူး။ မွေးကထဲက ဘာကိုမှ မမြင်ဘူးမသိဘူးပဲနဲ့ အိုင်ဒီယာ တစ်ခုကို ဟတ်ချလောင်းဆိုသလို ထုတ်ယူလို့မရနိုင်ပါဘူး။ သဘင်သည် သားသမီးတွေဟာ သဘင်သည်တွေ ဖြစ်လာကြတာကို တွေ့နိုင်သလို အဆိုတော်သားသမီးတွေ အတော်များများဟာလဲ အဆိုတော်တွေ ဖြစ်လာကြတာကို တွေ့ရတတ်ပါတယ်။

သူတို့တွေဟာ မွေးကထဲက စည်းဝါးနရီတွေ ကီးတွေ တူရိယာ ပစ္စည်းတွေနဲ့ ရင်းနှီးပြီးဖြစ်နေပါတယ်။ အဲ့ဒီအပြင် ပရိုဖက်ရှင်နယ် လုပ်စားနေတဲ့ မိဘဆီကနေ မသိလိုက်မသိပါသာ သင်ယူနေခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် အိုင်ဒီယာနဲ့ ဖန်တီးမှု့မှာ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ သိရှိခြင်းဟာ အရေးပါတဲ့ အရာတစ်ခုဖြစ်နေရပါတယ်။

နောက်ပြီးအိုင်ဒီယာဆိုတာဟာ တစ်ခုထဲသီးသန့် ထွက်ပေါ်လာတယ်ဆိုတာထက် အရင်ရှိပြီးသား အိုင်ဒီယာတွေအပေါ်မှာ အခြေခံပြီး ထွက်ပေါ်လာရတာ များပါတယ်။ နယူတန်သာ ကမ္ဘာမြေရဲ့ စွဲအားအကြောင်းကို မတွေ့ခဲ့ရင် လေယဉ်ပျံတို့ ပေါ်လာမှာလဲ မဟုတ်သလို လူသားတွေလဲ လပေါ်ကို ခြေချနိုင်သေးမှာ မဟုတ်ဘူး။ သောမတ် အယ်ဒီဆင်သာ လျှပ်စစ်မီးကို မတွေ့ရှိခဲ့ရင် ဒီနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေရှိမှာ မဟုတ်ဘူး။

ဒါ့ကြောင့် အိုင်ဒီယာတွေရဲ့ နောက်ကွယ်မှာ မှန်ကန်တဲ့ လေ့လာသိရှိမှု့ဟာ တည်ရှိနေပါတယ်။ မှန်ကန်တဲ့ သိရှိမှု့ရှိမှသာ အိုင်ဒီယာဆိုတာ ဖြစ်ပေါ်လာနိုင်ပြီး ဖန်တီးတွေလဲ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

No comments:

Post a Comment