Saturday, January 28, 2012

ကြေကွဲဝမ်းနည်းမိသော နေ့တစ်နေ့

ဒီနေ့ ကျွှန်တော်၏ မွေးနေ့ဖြစ်ပါသည်။ အလွန်ချမ်းသောကြောင့်၊ ဘယ်မှမထွက်ချင်ခဲ့ပါ။ မနက်မိုးလင်းကတည်းက ရေးလက်စ ဘလောဂ်လေးများကို လက်စသပ်ရင်း၊ အခြားသော အခန်းဆက်များကို ရေးရင်း လုပ်လာခဲ့ပါသည်။ နေ့ခင်းပိုင်းလည်းရောက်ရော ညီမလုပ်သူက တစ်ဂျီဂျီနှင့် ရေချိုး၊ အပြင်သွားပြီး ဈေးဝယ်ရအောင်ဆိုပြီး ဂျီတွန်နေပါသဖြင့် စိတ်မပါတပါနှင့် လိုက်ခဲ့ပါသည်။

အီကဲဘုကုရောလည်းရောက်ရော ကျွှန်တော်လည်း စိတ်ဝင်စားတဲ့ ကွန်ပျူတာ အထပ်မှာ ဟိုကြည့် ဒီကြည့်လုပ်ပြီး၊ ကဲ မထူးပါဘူးကွာဆိုပြီး၊ လမ်းဘေးအရက်ဆိုင်လေးမှာ ဘီယာသောက်ရင်း စောင့်နေမိပါသည်။ ယောက်ဖဖြစ်သူကို ခေါ်ရန်စဉ်းစားသော်လည်း၊ တူလေးက အိပ်ပျော်နေပါသဖြင့် ဒီအတိုင်းထားလိုက်ပါသည်။

ဘီယာနှစ်ခွက်လည်း ကုန်ရော ညီမဖြစ်သူထံမှ ဖုန်းလာပြီး ZARA မှာ ဈေးတွေတန်တယ်။ လာဝယ်ဦး ဆိုတာနဲ့၊ လိုက်သွားကြပြီး၊ လက်ရှိရှပ်တစ်ထည်၊ ဖိနပ်တစ်ရံနဲ့ တီရှပ်တစ်ထည် ဝယ်ခဲ့ပါသည်။ ယောက်ဖကတော့ အလုပ်ထဲဝတ်ဖို့ ဘောင်းဘီနှစ်ထည်နဲ့ မြန်မာပြည်ပြန်လျှင် လက်ဆောင်ပေးရန် အချို့ကို ဝယ်ခဲ့ကြပါသည်။ ညီမဖြစ်သူကတော့ ဘာတွေဝယ်ခဲ့မှန်မသိ။

နောက်ဆုံးတော့ အထုပ်၃ထုတ် လက်ကစွဲပြီး၊ အိမ်ဘက်ကိုပြန်ခဲ့ကြပါသည်။ အိမ်နားက ဘူတာအရောက်တွင် ညနေစာကို အပြင်မှာပဲ ရှာဘူရှာဘူ စားခဲ့ကြပါသည်။ စား၍မပြီးသေး၊ တူဖြစ်သူက ဂျီကျပါသဖြင့်၊ သူ့အဖေနဲ့ တစ်ယောက်စီ အပြင်ကို ခေါ်ပြီး ရထားတွေကို ပြရပါတယ်။ ဒီလိုနဲ့ ညနေ ၈ နာရီခွဲလောက်မှာ အိမ်ကို ပြန်ခဲ့ကြပါတယ်။

အိမ်ပြန်ရောက်တော့ တီဗီကြည့်ရင်း၊ ခေတ္တအကြာမှာ Java Swing အပေါ်မှာ မြန်မာယူနီကုဒ်ကို မှန်ကန်စွာ အလုပ်မလုပ်နိုင်ခြင်းနဲ့ ပတ်သက်၍ ရှာဖွေခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းလောက်အောင်ပင် ဇော်ဂျီကိုတော့ မှန်ကန်စွာဖော်ပြနိုင်တာကို တွေ့ရတယ်။ ဇော်ဂျီနဲ့ မြန်မာ၃ နဲ့ ဘာကွာလည်းဆိုတဲ့ အချက်ကို အဓိကထားပြီး ရှာဖွေနေခဲ့တယ်။ ဟိုပြောင်းဒီပြောင်းနဲ့ ရှာဖွေခဲ့သော်လည်း အဖြေကမထွက်ခဲ့ပါ။

ဒါနဲ့ အရင်တစ်ယောက်ယောက်က ရှာထားလေမလား ဆိုပြီး၊ နက်ထဲမှာ Java 2D Myanmar Unicode အစရှိသည့် စာလုံးများဖြင့် ရှာဖွေနေခဲ့မိတယ်။ တော်ရုံနဲ့ အသုံးတည့်မည့် စာများကို မတွေ့ခဲ့ရပါ။ ခေတ္တအကြာမှာ အောက်ပါ လင့်ခ်ကို သွားတွေ့ပါတယ်။

အတော်လေးကို မြန်မာယူနီကုဒ်နဲ့ပတ်သက်ပြီး Java Layout Engine အပေါ်မှာ အသေးစိတ်ကို မေးမြန်းထားတာကို တွေ့ရပါတယ်။ ကျွှန်တော်လည်း အတော်လေးကို ဝမ်းသာမိပါတယ်။ ဆွေးနွေးတိုင်ပင်ရမည့်လူ ကိုတွေ့ပြီဆိုပြီးတော့။

http://web.archiveorange.com/archive/v/LDY2d66rr3j7I77CB1tR

မေးမြန်းထားသူကတော့ Mr Keith Stribley ပဲဖြစ်ပါတယ်။ ကျွှန်တော်လည်း သူနဲ့ ဆက်သွယ်နိုင်ရန်အတွက် သူ့နာမည်နဲ့ နက်ထဲမှာရှာဖွေရင်း၊ သူရေးခဲ့သော ဘလောဂ်များ၊ သံလွင် ဆော့ဖ်ဝဲများအကြောင်းကို တွေ့ခဲ့ရပါတယ်။ ကျွှန်တော် သံလွင်ဆော့ဖ်ဝဲကို အသုံးပြုခဲ့သည်မှာကြာပြီဖြစ်သော်လည်း သူရေးသားထားခဲ့မှန်း မသိခဲ့ပါ။ ကျွှန်တော်လည်း သူရေးထားတဲ့ စာများကို ဖတ်ရင်း၊ သူ့ပရိုဂျက်များကို ကြည့်ရင်း တစ်စထက်တစ်စ လေးစားနေခဲ့မိပါတယ်။

ဟိုရှာဒီရှာလုပ်ရင်းနဲ့ အောက်က လင့်ခ်တစ်ခုကိုပါသွားတွေ့ပါတယ်။

http://mmitpros.ning.com/forum/topics/1445004:Topic:239922?xg_source=activity

၂၀၁၁ခု ၂လပိုင်း ၁၅ရက်နေ့ တွင် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့ရတယ်။ ကျွှန်တော်ဘယ်လိုပြောရမလဲ။ ရင်ထဲမှာ တစ်ကယ်ကို ဆို့သွားပါတယ်။ ဝမ်းနည်းမှု့၊ ကြေကွဲမှု့တွေနဲ့ အတူ ကျွှန်တော်တို့ မြန်မာအိုင်တီ လောက အတွက် ကြီးမားသော ဆုံးရှုန်းမှု့ကြီးတစ်ခုဖြစ်ကြောင်း သိရှိခဲ့ရတယ်။

 Mr Keith Stribley အားလေးစားစွာ အလေးပြုမိပါတယ်။ ကောင်းရာသုကတိလားပါစေဗျာ။

လေးစားစွာဖြင့်
မင်းလွင်

No comments:

Post a Comment