Wednesday, November 14, 2012

ကျွှန်တော်တို့အဖေ

ဘာကြောင့်ရယ်မသိ မော်လမြိုင်မှာပျော်နေသော အဖေသည် ကျွှန်တော်လည်း ၈ တန်းရောက်ရော ရန်ကုန်ပြောင်းဖို့ လုပ်ပါတော့သည်။ ဒီလိုနဲ့ ၈၈ အရေးအခင်းကို မော်လမြိုင်မှာကြုံပြီး၊ ကျောင်းတွေပိတ်ထားတုန်း ရန်ကုန်ကို ရောက်လာပါတော့သည်။

ရန်ကင်းက ရန်ကုန်တီတီစီ အမျိုးသားဆောင်ထဲက အခန်းလွတ်လေးမှာ မိသားစုအတူနဲ့ခဲ့တဲ့ အချိန်တွေကို သတိရမိပါသည်။ ကျွှန်တော်တို့ ရန်ကုန်ကို ရောက်စက အမေက အလုပ်ပြောင်းလို့မရသေးတဲ့ အတွက် မော်လမြိုင်မှာ ကျန်နေခဲ့ပါသည်။ ရန်ကုန်ရောက်စက အဖေရယ်၊ ကျွှန်တော်ရယ်၊ နီနီရယ်၊ သက်ဖူးရယ်ပဲပါပါသည်။

သက်ဖူးကြီးက အိမ်သာသွားရမှာ ကြောက်တဲ့အတွက် အိပ်ရာထဲမှာ သေးပေါက်ချတဲ့ အခါ အဖေပဲ လျှော်ရပါသည်။ ကျွှန်တော်တို့ ညီအကို တွေစားဖို့အတွက် အဖေပဲ ကန်ပဲ့ဈေးထဲသွားပြီး ပုဇွန်စိတ်တွေဝယ်ပြီး ကျော်ကြွေးပါသည်။ ပုဇွန်ခေါင်းတွေလည်း မခွာ၊ ပြီးတော့ နှုတ်ခမ်းမွေးတွေလည်း မနှုတ်၊ ဒီအတိုင်းကျော် ကြွေးပါသည်။ စားမကောင်းတဲ့အတွက် ညီမလုပ်သူ နီနီက သိပ်မစားပါ။

အဲ့ဒီနောက်ပိုင်းလည်း ကျွှန်တော်တို့တွေအတွက် အဖေသည် သူအမုန်းဆုံး လူချမ်းသာများ၏ သားသမီးများအား မာနချကာ ကျူရှင်သင်၍ ကျွှန်တော်တို့ ညီအကို မောင်နမတွေကို ကြွေးမွေး ပြုစုခဲ့၏။

ဒါကြောင့်၊ တစ်ခါတစ်ရံ အဖေပြောသော စကားများသည် စည်းမလွတ်၊ သူပြောချင်ရာပြောသည်၊ အားလုံး သူ့စည်းမျဉ်းနဲ့ တိုင်းသည်။ ဒါပေမယ့် ကျွှန်တော့်မှာ အဖေကို မလွန်ဆန်ဝံ့ပါ။ မလွန်ဆန်ဝံ့ တာထက် မလွန်ဆန် ချင်ပါ။ ဘာလို့လည်းဆိုတော့ ကျွှန်တော်တို့ အဖေသည် ကျွှန်တော်တို့အား အလွန်ချစ်မှန်း ကျွှန်တော်သိသောကြောင့် ဖြစ်ပါသည်။

No comments:

Post a Comment