Wednesday, November 16, 2011

More than blue screen

ဂျပန်မှာ မီးသိပ်မပျက်တတ်ပါ။ ဟိုတလော ငလျှင်လှုပ်တုန်းက အစီအစဉ်အလိုက် မီးကို လျှော့သုံးရန်အတွက် မီးဖြတ်ထားတာက လွဲ၍ဖြစ်ပါသည်။ မီးပျက်လေ့ မရှိသောကြောင့် ဖြစ်မည်။ မီးပျက်၍ ပျက်စီးတတ်သောအရာများကို မေ့လျှော့နေခဲ့၏။


ဆောင်းရာသီရောက်လာဖြစ်ဖြစ်သည်။ လျှပ်စစ်မီးများကို အလွန်အကျွံသုံးစွဲလေ့ရှိသော ရာသီဥတုဖြစ်သည်။ ဟင်းအပူပေးရန်အတွက် အပူပေးစက်များကို သုံးပါမည်။ တောက်လျှောက် အိမ်အခန်းအတွက် ဟီတာကို ဖွင့်ထားလေ့ရှိပါသည်။ တဖန် ရေချိုးပြီးသောအခါ စံပင်ခြောက်စက်ကို သုံးပါမည်။ အိမ်မှာ ဆာဗာကလည်း ၂၄နာရီဖွင့်ထားပါမည်။ သွားတိုက်ဆိုင်ရင် ဘရိတ်ကာကျလေ့ရှိ၏။ အလွန်အကျွံသုံး၍ ဘရိတ်ကာ ကျသည်မှာ ဘရိတ်ကာ၏ အပစ်မဟုတ်ပါ။ ဘရိတ်ကာက သူ့အလုပ်ကို သူလုပ်ခြင်းသာဖြစ်၏။ ဒီလို ရာသီရောက်လျှင် ဒီလို သုံးတတ်မှန်း ကြိုတင်သိထား နိုင်ပါသည်။ ဖြစ်တတ်မှန်း သိပါလျှက် မပြင်ဆင် ထားသည်က အပစ်ဖြစ်ပါသည်။

အခုတလော  အလွန် အလုပ်ရှုပ် နေပါသည်။ မနက် ၈နာရီကတည်းက အိမ်ကထွက် လိုက်တာ အိမ်ပြန်ရောက်တော့ ၁၂နာရီကျော်ပြီဖြစ်သည်။ လုပ်နေသောပရိုဂျက်မှာ  စီးပွားရေး အခက်အခဲများကြောင့် အချိန်တိုတိုအတွင်းမှာ လူနည်းနည်းနဲ့ ပြီးအောင်လုပ်ဖို့ ဖြစ်လာပါသည်။ မတက်နိုင်ပါ။

ဒီကနေ့ တိုကျိုဘူတာအရောက်မှာ အမှတ်မထင် ကျွှန်တော့်အားပစ်သွားသော ကောင်မလေးကို တွေ့ပါသည်။၂နှစ်ခန့်ရှိပြီဖြစ်မည်ထင်သည်။ ဘာဆက်လုပ်ရမှန်းမသိ။ ကြိုတင်မတွေးထားသော အရာဖြစ်သောကြောင့် အဖြေမရှိပါ။ Java လိုဆိုလျှင် RuntimeException ဖြစ်ပါသည်။ ငါသူ့ကို နှုတ်ဆက်လိုက်ရင်ကောင်းမလား၊ မဟုတ်သေးပါဘူး ၂နှစ်လောက်မတွေ့တာကြာပြီဆိုတော့ ရီးစားအသစ်တွေရပြီး အနှောင့်အရှက်ဖြစ်နေမလား။ သူ့ကို ကြည့်ရတာ မျက်နှာလည်းမကောင်းပါလား။ လား...... လားတွေများရင်း ကျွှန်တော့်သေးငယ်သော Single Task CPU မှာ အသုံးပြုနှုန်း ၁၀၀ရာနှုန်း နီးပါးကို ရောက်ရှိပြီး ရပ်တန့်နေပါသည်။ ဂီ.....ဂီ.....ဂူ.....ဂူ.....

အတန်ကြာမှ ဘာပြောပြော ငါသူ့ကို အရိုးအတိုင်း နှုတ်ဆက်သင့်တယ်လို့ အဖြေထွက်ပါသည်။ အဖြေရ၍ သတိပြုမိသောအခါ ကောင်မလေးကို ရှာမတွေ့တော့ပါ။ ငါနှုတ်ဆက်လိုက်ရင်ကောင်းသား လို့တွေးရင်း ပြူတင်းပေါက်နားမှာ မှီရပ်ရင်း ဖတ်လက်စ ဂျာနယ်ကို ဆက်ဖတ်နေခဲ့ပါသည်။

၁၂နာရီ အလွန် လောက်မှာ ကိုမဂိုမဲဘူတာကို ရောက်ပါသည်။ လမ်းမှာ လော်စွန်စတိုးကိုဝင်ပြီး ကုန်နေပြီဖြစ်သော ဂျပန်ဆာကေဗူးကို ဝယ်ပါသည်။ အမြည်းအဖြစ် ကြက်ကင်တစ်ချောင်းကို ဝယ်ပြီး အပြေးပြန်ခဲ့ပါသည်။ အိမ်ပြန်ရောက်သောအခါ ကျွှန်တော့်ညီမဖြစ်သူ နီနီက ကလားဟင်းချက်ထားတယ် စားဦးမလားဟုမေးသည်။ အရမ်းနောက်ကျနေပြီ ဖြစ်ပါသဖြင့် ဒီနေ့တော့ မစားတော့ဘူးဟု ပြောပြီး အဝတ်အစားလည်းပြီး ကွန်ပျူတာကိုဖွင့် Eclipse ကို ဖွင့်ပါသည်။

Workspace ကတက်မလာပါ။ မီးပျက်သွားသေးလားဟု ညီမဖြစ်သူကိုမေးပါသည်။ ဟုတ်တယ် ဟင်းအပူပေးတုန်းက ဘရိတ်ကာကျသွားသေးတယ် ဟုပြော၏။ ကျွှန်တော်လည်း Network Drive ကို ဖွင့်ပြီး Login လုပ်ရန်ကြည့်ပါသည်။ တက်မလာပါ။ သြော် ဆာဗာတက်မလာပါလားဟုတွေးရင်း SSH ဖြင့်  Remote Login လုပ်ရန်ကြိုးစားကြည့်ပါသည်။ ဆာဗာကို ရှာမတွေ့ပါဟု ထွက်လာပါသည်။ မော်နီတာကို ပြောင်းပြီး ဆာဗာကို တိုက်ရိုက်ဖွင့်ကြည့်ပါသည်။ OS ကိုရှာမတွေ့ပါဟု စာတမ်းတစ်ခု ဖန်သားပြင် ပြာပြာပေါ်မှာ ပေါ်လာပါသည်။ သွားပြီ။ အိမ်မက်ဆိုးတွေ တကယ်ဖြစ်လာပြီဖြစ်သည်။

ဆာကေကိုဖွင့်သောက်သည်။ ကျက်ကင်ကို တဘရိတ်တည်းစားပစ်သည်။ အကြံထွက်မလာပါ။ ငါ့အမှားဖြစ်ပါသည်။ ပျက်တတ်မှန်းသိရက်သားနှင့် ပြင်ဆင်ထားခြင်းမရှိသောကြောင့်ဖြစ်သည်။ တတ်နိုင်သလောက်ကြိုးစားပြီး အချက်အလက်တွေကို ပြန်ရအောင်ရှာပါမည်။

No comments:

Post a Comment