Monday, May 21, 2012

ဂျာအေးနှင့် မုန့်လုံး

မုန့်လုံးကို စက္ကူကပ်လို့

ပြာကလပ်နဲ့ ဆွမ်းတော်တင်

ပုလင်ပေါ်က မြောက်ကလေး

ဆင်းတယ်လို့ပြေ ဂျာအေး

ဂျာအေးကို သူ့အမေရိုက်ပါလို့

မောင်မိုက်မှာငို

ကိုလူပျို ထံရံအောက်က

ခြေထောက်ကိုဆွဲ တွဲလဲ

တွဲလဲနေပါအုံး

မိုးတောင်ကချုန်း မုန့်လုံး


စကားသိပ်ပြီးမပြောလိုသော ကျွှန်တော်

ကျွှန်တော်သည် စကားအများကြီး မပြောချင်သောကြောင့် လူတွေနဲ့ သိပ်ပြီး မဆက်ဆံရသော ပရိုဂရမ်မာ အလုပ်ကို ရွေးချယ်ခဲ့ပါသည်။ အထူးသဖြင့် စီးပွားရေး သမားများဖြင့် သိပ်ပြီးစကားမပြောလိုပါ။

ဒါပေမယ့်လည်း ဒီအတိုင်း ပရိုဂရမ်တွေကြီးပဲ ထိုင်ရေးနေတော့မလားလို့ ကိုယ့်ဟာကိုယ်မေးကြည့်ပါသည်။ သူများခိုင်းတာကြီးပဲမဟုတ်ပဲ ကိုယ်ရေးလိုတာကိုရေး၊ ကိုယ်စိတ်ဝင်စားတာကိုလေ့လာ အဲ့ဒီလိုနေချင်ပါသေးသည်။

လုပ်ချင်တာတွေကြီးပဲလုပ်နိုင်ဖို့ မလုပ်ချင်တာတွေကိုလည်း အနည်းငယ်လုပ်ဖို့လိုပါလိမ့်မည်။ ကျွှန်တော် အားရင် အိမ်မှာကုက်၊ စာဖတ်စာရေး ပရိုဂရမ်ရေးတာကို ခေတ္တရပ်နားပါဦးမည်။ အပြင်ထွက်မည်၊ လူတွေနဲ့ စကားပြောရပါဦးမည်။

ဟိုတရက်က အပြင်ခဏထွက်ပါသည်။ စကားပြောမိပါသည်။ စီးပွားရေးသမားတွေနဲ့ စကားပြောရတာ အလွန်ဒေါသထွက်ဖို့ကောင်းပါသည်။ မဖြစ်၊ မဖြစ် ဒီနေရာမှာ ငါသီးခံမှ ဟု ကိုယ့်ဟာကိုယ်အားပေးရင်း ကြိုးစားလိုက်ပါဦးမည်။

Thursday, April 26, 2012

လူ့အလိုနတ်မလိုက်နိုင်

ကွန်ပျူတာလောကတွင် ထင်ရှားသော ပုံပြင်တစ်ခုရှိ၏။ ရွာတစ်ရွာတွင် လူသားတစ်ယောက်ရှိ၏။ သူ့အမည်မှာ မောင်လူလေးဖြစ်၏။ တနေ့ မောင်လူလေး ကောက်ရိတ်ရာကအပြန် လမ်းတွင် သစ်ပင်တစ်ပင် ပြိုလဲနေပြီး လမ်းပိတ်နေပါသည်။

မောင်လူလေးလည်း ဒုက္ခပဲ။ ရွာထဲက ကျောင်းသားတွေတော့ ကျောင်းနောက်ကျတော့မှာပဲ ဆိုပြီး၊ သစ်ပင်ကို ကြိုးစားပမ်းစား ဖယ်ထုတ်ပြီး လမ်းရှင်းခဲ့ပါသည်။ ဒီလိုနဲ့ မောင်လူလေး အိမ်ပြန်ရောက်ပြီး ရေချိုး၊ ထမင်းစား ဗွီဒီယိုကြည့်ပြီး ညအိပ်ပါသည်။

မောင်လူလေး အိပ်မောကျနေချိန်မှာ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ နတ်သားတစ်ပါးကို အိမ်မက်မြင်မက်ပါသည်။ နတ်သားက မောင်လူလေးရှေ့ကို လာပြီး၊ လူလေး သင်သည် ဒီကနေ့ အလွန်ကောင်းမွန်သော အပြုကို ပြုခဲ့၏။ သင့်ကြောင့် လူအပေါင်း လွန်စွာမှ အကျိုးရှိခဲ့ရ၏။ ဒါကြောင့် သင့်ကို ဆုမွန်ကောင်းပေးရန် ငါ သကြားပြည်က နေလာခဲ့ရ၏။

ထိုအချိန်မှာ မောင်လူလေးက "ဟာ ငါတွေ့နေတာ သကြားမင်းပါလား၊ နတ်သားလို့ထင်နေတာ" လို့ တွေးမိပါသည်။ ဆက်ပြီး သကြားမင်းသို့မဟုတ် နတ်သားက ဆက်ပြောပါသည်။ လူလေး သင်လိုရာ ဆု၃ခုကို တောင်းနိုင်၏။ သင့်အလိုကို ငါဖြည့်မည်။

ဒါနဲ့ မောင်လူလေးက "သကြားမင်း၊ ဒါဆို ကျွှန်တော် ပိုက်ဆံချမ်းသာချင်ပါသည်၊ ကျွှန်တော့်အား ရွှေငွေတွေပေးပါ" ဟု ပြော၏။ နတ်သားသို့မဟုတ် သကြားမင်းက အနည်းငယ်ကြောင်သွားပြီး "သင့်အလိုပြည့်စေ" ဟု ဆုပေး၏။ အိမ်မက်က နိုးသည်နှင့် လူလေးဆီကို ရွှေငွေတွေ အလိုလိုကို ရောက်ရှိလာပါသည်။

ဒီလိုနဲ့ ညရောက်ပြီး မောင်လူလေး အိပ်ပျော်သောအခါ၊ နတ်သားသို့မဟုတ် သကြားမင်းသည် မောင်လူလေး၏ အိမ်မက်ထဲကို ရောက်လာပြန်၏။ အသင်လူလေး ဘာများထပ်အလိုရှိသလဲဟု မေး၏။ မောင်လူလေးက တွေး၏။ ဤသကြားမှာ အမှန်အကန်သကြားဖြစ်၏။ ငါ့အား သူရွှေငွေတွေပေးခဲ့၏။ ဒီတစ်ခေါက်တော့ ငါဟာ  အာဏာရှိအောင် လုပ်ပေးပါ သကြားမင်းဟု ပြော၏။

သကြားလိုလိုနတ်လိုလို သူကလည်း ပြည့်စေဟုပေး၏။ မောင်လူလေးတွေးမိ၏။ ငါ့မှာ ရွှေတွေ၊ ငွေတွေ၊ အာဏာတွေရှိပြီ၊ ဒါပေမယ့် လိုနေသေး၏။ ငါစော်ကြည်ဖို့လိုသေး၏ဟု။ ဒါနဲ့ မောင်လူလေးလည်း ငါအိပ်ပျော်ရင် သကြားမင်းရောက်လာတဲ့အတွက်၊ ငါနောက်တစ်ရက်ကို မစောင့်ပဲ ဆက်အိပ်တော့မယ်ဟု။

ဒီလိုနဲ့ မောင်လူလေး နောက်တစ်နေ့မကူးပဲ ဆက်အိပ်ပါသည်။ ဒါပေမယ့် သကြားသို့မဟုတ် နတ်သားသည် သစ္စာရှိပါသည်။ မောင်လူလေး အိပ်ပျော်သွားချိန်မှာ မောင်လူလေး အိမ်မက်ထဲကို ရောက်လာပြန်၏။ အသင်ဘာလိုချင်လဲဟု မမေးသေးခင် မောင်လူလေးက "အရှင် သကြားမင်း၊ ကျွှန်တော့်အား မိန်းကလေးများ အကြိုက်များအောင် လုပ်ပေးပါ" ဟု ဆုတောင်း၏။

သကြားမင်းလိုလို နတ်သားလိုလိုကလည်း ဆုပေးလိုက်၏။ အသင် ဆုတောင်းပြည့်ပါစေဟု။ နောက်တစ်နေ့ မောင်လူလေးနိုးသောအခါ မောင်လူလေးသိ အလွန်စားကောင်းဖွယ်ရှိသော ချောကလက်ကြီး ဖြစ်နေပါတော့သည်။ ဘေးနားလေးမှာ စာအခေါက်ကလေး တစ်ခုကျနဲ့၏။ ထိုအထဲတွင် လူလေး ငါသကြားမဟုတ်ဘူး၊ နို့ဆီကွ ဟု ရေးသားထားပါသည်။

ဤပုံပြင်သည် ပရိုဂရမ်မာများအကြားတွင် ထင်ရှားသော စာကားတစ်ခုဖြစ်၏။ ပရိုဂရမ်မာများသည် လူသားများဖြစ်ကြ၏။ လောဘကြောင့် အမှားများကို ရေးနေမည်။ ထိုကဲ့သို့ လောဘကြောင့် မှားရသော အားနည်းချက်များသည် ဟက်ကာများအတွက် ဝင်ပေါက်များပင်ဖြစ်၏။ ထို့ကြောင့် လူယောက်က ရေးသားထားသော စစ္စတမ်တစ်ခုသည် တနေ့နေ့ တစ်ချိန်ချိန်တွင် အထိုးဖောက်ခရခြင်းပင်ဖြစ်၏။

Thursday, April 12, 2012

ရိုးသားစွာမှားယွင်းခြင်း

ကျွှန်တော်တို့ ပရိုဂျက်ဟာ အခုဆိုရင် Test ပြီးလို့ Release အပိုင်းကို ရောက်နေပါပြီ။ အသုံးပြုမယ့် ကုမ္ပဏီတွေကို တစ်ခုခြင်း၊ Sub System တွေကို တစ်ခုချင်းဆိုသလို ခွဲပြီး Release လုပ်တဲ့ နည်းကို အသုံးပြုပါတယ်။ အရင်ဆိုရင် ကျွှန်တော်ဟာဘယ်တော့မှ Release အထိမနေဘူးပါ။ ရေးပြီး Test ပြီးတာနဲ့ အခြားသော ပရိုဂျက်အသစ်ကို ပြောင်းဖြစ်တာများပါသည်။

ဘာကြောင့်မှန်းမသိ ဒီပရိုဂျက်မှာတော့ ကျွှန်တော်တာဝန်ယူထားတဲ့ Sub System က Release လုပ်ပြီးတာတောင် ဒီပရိုဂျက်မှာ ကျန်နေခဲ့ပါသည်။ အလကားတော့မနေရပါ၊ ကျွှန်တော်တို့အဖွဲ့က Lib ကို တာဝန်ယူသူက အသစ်ဖြစ်နေသည်။ ဘာဆိုဘာမှမသိ။ ကွန်ပိုင်းလုပ်ရင်း Error တက်လို့ကတော့ ဘာလုပ်ရမှန်းမသိတော့ပါ။ မနေနိုင်တဲ့ကျွှန်တော်က သွားကူပြီး ဖြေရှင်းမိပါသည်။ အဲ့ဒီနေ့ကစပြီး ကွန်ပိုင်းလုပ်တာ Release လုပ်တာ အဲ့ဒီကိစ္စများဟာ ကျွှန်တော့်အလုပ်ဖြစ်သွားပါသည်။

ကျွှန်တော်ငယ်ငယ်က ကြည့်ခဲ့ဘူးသည့် ရုပ်ရှင်ထဲကလို ထန်းပင်တက် လက်မှတ် ရသွားပါတော့သည်။ Lib တာဝန်ခံသည် မလွယ်ပါ။ အလုပ်အတော်များပါသည်။ ဒီအပါတ်မှာ Release လုပ်မယ့် Resource တွေ မပြီးသေးဘူးလား။ Release မပြီးမချင်း သူ့အလုပ်မပြီးသေးပါ။ အခုတလော အိမ်ပြန်ရောက်ချိန်သည် နောက်တစ်နေ့ကူးနေသည်က များပါသည်။ ဒါပေမယ့်လည်း ပင်ပမ်းသလို ပညာလည်းရပါသည်။

အမှားများကို အများကြီးတွေ့ရသောကြောင့်ဖြစ်၏။ တစ်ခါတစ်လေ အမှားများသည် မယုံနိုင်လောက်အောင်ပင် ရိုးရှင်းလွန်းလှသည်။ တော်ရုံဆို ဒီအမှားမျိုးမှားစရာမရှိ လို့ထင်ရလောက်ပေမယ့် လက်တွေ့တွင် မှားတက်ပေသည်။

ဒီကနေ့က ကျွှန်တော့်တစ်သက်နဲ့တကိုယ် အံ့သြစရာအကောင်းဆုံး အမှားတစ်ခုကို ပြောပြပါမည်။ ပြီးခဲ့တဲ့စနေနေ့က ဖြစ်ပါသည်။ အချို့သော ကုမ္ပဏီအချို့ကို Release လုပ်ပါသည်။ ဦးစွာ Data တွေကို System အဟောင်းကနေ အသစ်ဆီကို ရွှေ့ပါသည်။ ပြီးလျှင် Server တွေကို Restart လုပ်ပြီး အခြေခံ အသုံးပြုနည်းများကို စမ်းသပ်ကြည့်ပါသည်။ အဲ့ဒီနေရာမှာ Batch Process တစ်ခုက ၅နာရီကျော်ကြာသည် မပြီးပဲ System Error ဖြစ်သွားကြပါသည်။ အားလုံးပြာရာတွေခတ်။ ရပ်ရပ်ဆိုပြီး။ Release ကို တစ်ပါတ်ရွှေ့ခဲ့ကြပါသည်။

အရင် Test လုပ်တုန်းက 50 m လောက်ကြာခဲ့သောကြောင့်၊ performance tuning လုပ်ရန် ဖြစ်လာပါသည်။ နောက်တစ်ရက် တနင်္လာနဲ့ည ပြန်ပြီး အဲ့ဒီ Process ကို Run ကြည့်ပါသည်။ ၈မိနစ်သာကြာခဲ့၏။ အဲ့ဒီမှာတရားခံပေါ်ပါသည်။ Database ကို Inport လုပ်ပြီးတဲ့အခါမှာ Analyse လုပ်ဖို့မေ့သွား သောကြောင့် ဖြစ်သည်။ တော်ပါပေရဲ့ မောင်မင်းကြီးသားရယ်။ မောင်မင်းကြီးသားကြောင့် SQL တွေကို Performance ပြန်ချိန်၊ Tuning လုပ်ရနဲ့ အဖွဲ့တစ်ခုလုံး ၁ပါတ်လုံး အလုပ်များသွားပါသည်။ ရိုးသားစွာမေ့လျှော့ခြင်းသည် တစ်ခါတစ်ရံ အသက်ပေးရတတ်ပေသည်။

တော်ပြီ နောက်ဆို ဘယ်တော့မှ ကွန်ပိုင်းအဲယာတက်လည်း ဘာမှဝင်မပြောတော့ပါ။

Thursday, March 15, 2012

သမီးရှင်

ပရိုဂရမ်မာ တစ်ဦးဟာ သမီးရှင် ဖခင်တစ်ယောက်နဲ့ တူပါတယ်။ ကိုယ်ရေးထားတဲ့ အပလီကေးရှင်း တစ်ခုဟာ ကိုယ့်သမီးလေးတစ်ယောက်ပေါ့။ ကိုယ့် အ ပလီကေးရှင်းကို Release လုပ်တဲ့အချိန်ဟာ ကိုယ့်သမီးရဲ့ မင်္ဂလာပွဲနဲ့ တူပါတယ်။

ကိုယ်ပြုစုပျိုးထောင်ခဲ့တဲ့ သမီးလေးဟာ အခုတော့ သူ့လမ်းကို သူသွားပါတော့မယ်။ အိမ်ထောင်ကျ သွားပြီးတဲ့အခါ၊ ဆိုင်သာဆိုင်တယ် မပိုင်တော့ပါဘူး။ တန်ဖိုးမထားတတ်တဲ့ အသုံးပြုသူတွေနဲ့ တွေ့တဲ့အခါ သူဟာ လင်ဆိုးတစ်ယောက်နဲ့ အိမ်ထောင်ကျဖြစ်တဲ့ ကံမကောင်းတဲ့ သမီးလေးဖြစ်သွားပါမယ်။ ဒဏ်ရာတွေ ဗလပွနဲ့ သမီးလေးကိုတွေ့လည်း ကျွှန်တော့်မှာ ဘာမှာမတက်နိုင်တော့ပါ။

ဘာလို့သူက ဒီလိုသုံးရတာလည်း။ အဲ့ဒီလိုပြင်လို့မရဘူးလေ။ အဲ အဲ့ဒီနေရာမှာ အဲ့လိုသွားပြင်ရင်တော့။ အစရှိသည့် ယူကြုံမရမှု့တွေက စကားလုံးတွေကို ဆွံ့အစေခဲ့ပါတယ်။ ဘာပဲပြောပြော ကိုယ့်ရေးသားခဲ့တဲ့ ကိုယ့်သားသမီးတွေကို ချစ်ခင်ကြင်နာစွာနဲ့ အသုံးပြုစေချင်သည်မှာ မိဘတိုင်းရဲ့ ဆန္ဒပဲဖြစ်ပါလိမ့်မယ်ဟု ကိုယ်ခြင်းစာခဲ့မိပါတယ်။

ဒီနေ့ ကံဆိုးတဲ့ ကျွှန်တော့် သမီးငယ် တစ်ဦးနဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ သူ့မှာ ဒဏ်ရာတွေ နဲ့။ ကျွှန်တော့်မှာ စိတ်မကောင်းရုံကလွဲပြီး ဘာမှ မတက်နိုင်ခဲ့ပါ။   ချစ်သမီးလေး စိတ်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးရုံမှလွဲပြီး မတတ်နိုင်ခဲ့ပါ။

အတွေးတစ်ခု

အခုတလော ကျွှန်တော် အလုပ်တော်တော် များနေပါသည်။ မနက်ခင်း ၈နာရီခွဲလောက် အိမ်ကထွက်သွားရင် ည ၁၂နာရီခွဲမှ အိမ်ကို ပြန်ရောက်တက်ပါသည်။ ဒီအတွက် ကျွှန်တော်ရေးလက်စ ဖြစ်သော မြန်မာ ဂျာဗားယူဇာ ဘလောဂ်ကို သိပ်မရေးဖြစ်ပါ။ Easy JSP အကြောင်းကို ဆက်ရေးရပါဦးမည်။ Java 7 Nio 2 ကိုလည်း လက်စသပ်ရဦးမည်။ ဒါမှ Fork And Join Framework နဲ့ Project Lambda ဘက်ကို ရွှေ့နိုင်မည်ဖြစ်၏။ အခြေခံ Java အကြောင်းရေးနေသည်ကိုလည်း Class နဲ့ Method အကြောင်း၊ Interface အကြောင်းနဲ့ Exceptionအကြောင်းကို ရေးပြီး ဖြတ်ချင်ပါသေးသည်။ ဒါမှ Essential Java API ကို ဆက်ရေးနိုင်မည် ဖြစ်သည်။

Happy Hacking ကတော့ ကျွှန်တော်ပျင်းတဲ့အခါ ရေးရန် ထားထားပါမည်။ XML ဆီသို့ ခြေလှမ်းများ ကိုလည်း အခန်းသုံးပြီးတော့ ဆက်ပြီး XML Schema ကစပြီး XML DB ကို ဖော်ပြချင်သေးသည်။ အလုပ်ရှုပ်ပါသည် ဆိုမှ ဟိုရက်က ပရိုဂျက်တစ်ခုကို လက်ခံမိပါသည်။ ကိုယ့်စိတ်ကြိုက်လည်း ရေးလို့ရတယ်၊ ပြီးတော့ ပိုက်ဆံလည်းရတော့ မဆိုးပါ။

ကျွှန်တော်ရေးနေသော Web Tool လေးတွေက ဟားရပါသည်။ ဘလောဂ်ဂါ တွေအတွက် အစဉ်ပြေမယ့် Tool များကို ရေးပေးနေခြင်းဖြစ်၏။ Tool ကို Run ထားပါက၊ အင်တာနက်ထဲကနေ သက်မှတ်ထားတဲ့ Key Word နဲ့ သတင်းတွေကို စောင့်ကြည့်နေပြီး၊ ကိုယ့်ဘလောဂ်မှာ ပြန်တင်ပေးတဲ့ Tool ပါ။ အဲ့ဒီလိုတင်တဲ့ နေရာမှာလည်း ကြော်ညာလင့်ခ်တွေကိုပါ ယူပြီးတင်ပေးပါတယ်။ ပြီးတော့ အဲ့ဒီ Key Word ကို စိတ်ဝင်စားတဲ့ ဘလောဂ်ဂါတွေရဲ့ ဘလောဂ်ကို ခြေရာလိုက်ပေးပါတယ်။ ဘလောဂ်ဂါတွေက ကိုယ့်ခြေရာကိုကြည့်ပြီး ကိုယ့်ဘလောဂ်ကိုလာကြည့်၊ ပြီးကြော်ငြာလင့်ခ်ကို ကလစ်နှိပ်ရင် ပွိုင့်ရတဲ့ စနစ်ပါ။

ကျွှန်တော်က ဂျာဗားကြိုက်တော့ အားလုံးကို ဂျာဗားနဲ့ ရေးပါတယ်။ အပြင်းလည်းပြေတယ်၊ မုတ်ဖိုးလည်းရတယ် ဆိုတဲ့သဘောပါ။ ဟိုတနေ့က ကျွှန်တော့်အသိတစ်ယောက်က ကျွှန်တော့်ဘလောဂ်ကို ဖတ်ပြီး အကြံပေးတယ်။ မင်းဟာက နောက်နည်းနည်းလောက် ဖြည့်လိုက်ရင် အခြေခံ ဂျာဗားစာအုပ် တစ်အုပ်ဖြစ်တော့မယ် ဆိုပဲ။ ဟုတ်သည်။ အခြေခံကိုပြီးအောင်ရေးပြီး၊ Essential Java API ကို ရေးပြီးပါက Java စာအုပ်တစ်အုပ်ဖြစ်လာမည် ဖြစ်သည်။ ကျွှန်တော် စာအုပ်ထုတ်ချင်လာပါသည်။ ဒီတော့ စာအုပ်တစ်အုပ် ဖြစ်အောင် ရေးပါမည်။ ပြီးလျှင် Tool ရေးတဲ့ ပိုက်ဆံနဲ့ ကိုယ့်ဟာကိုယ်ထုတ်ပါမည်။ ပြီးလျှင် အခမဲ့ ဖြန့်ဝေသွားပါမည်ဟု။

Sunday, March 4, 2012

တန်ဖိုးဆိုသည်မှာ

ပြီးခဲ့သောရက်က အားလပ်ရက်တွင် ကျွှန်တော်ရေးခဲ့သော Web Tool တစ်ခု၏ လက်ခကို ရရှိခဲ့ပါသည်။ တန်ဖိုးသည် မြန်မာငွေဖြင့်ဆိုလျှင် ၁၂သိန်းခန့်။

ကျွှန်တော့်ညီမဖြစ်သူအား မွေးနေ့လက်ဆောင်အဖြစ် ပေးမည်ဟု ပြောထားသောကြောင့် သူနှစ်သက်ရာ လက်ကိုင်အိပ်တစ်လုံး သွားဝယ်ပေးလိုက်သည်။ အနည်းငယ် စိုက်လိုက်ရပါသည်။

ညီမဖြစ်သူ သုံးနေသော လက်တော့ကွန်ပျူတာပေါ် တူဖြစ်သူက အအေးလောင်းချ၍ သုံးမရတော့ပါ။ ပြန်ဝယ်ရန် သွားကြည့်သည်။ mac book pro ၁၃သိန်းခွဲခန့်။

တစ်လက်စတည်း လိုချင်သော နာရီကို သွားကြည့်မိသည်။ အိုမီဂါ ၂၆သိန်းခွဲ။ ငါရေးတဲ့ အပလီတစ်ခုနဲ့ နာရီတစ်လုံးတောင် မဝယ်နိုင်သေးပါလားလို့တွေး ရမလား။ အပလီကေးရှင်း ၃ခုလောက်ရေးရင် နာရီ တစ်လုံးဝယ်လို့ရတယ် ဆိုပြီး ဝမ်းသာရမလား။